သိထားသင့်သည်များ

ဂျပန်မှာ "၅ နှစ်" ဗီဇာ ဘယ်လိုရနိုင်မလဲ? 技人国ဗီဇာ သက်တမ်းသတ်မှတ်ချက်များအကြောင်း သိကောင်းစရာ

ဂျပန်မှာ "နည်းပညာ・လူမှုရေးအတတ်ပညာ・နိုင်ငံတကာလုပ်ငန်း" ( 技人国) ဗီဇာနဲ့ အလုပ်လုပ်နေကြတဲ့ မိတ်ဆွေများအတွက် နောက်တစ်ကြိမ် ဗီဇာသက်တမ်းတိုးရင် "ဘယ်နှစ်နှစ် သက်တမ်းရမလဲ" ဆိုတာက တကယ့်ကို စိတ်ဝင်စားစရာ အချက်တစ်ခုပါ။ လူတိုင်းကတော့ "၅ နှစ်" သက်တမ်းကိုပဲ လိုချင်ကြတာ သဘာဝပါပဲ။

တကယ်တော့ ဗီဇာသက်တမ်းကို လဝက (入管) က ကံစမ်းမဲနှိုက်သလို ကြုံသလိုပေးတာ မဟုတ်ပါဘူး။ တိကျတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ရှိပါတယ်။ ဒီနေ့မှာတော့ နောက်ဆုံးထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေအရ ဗီဇာသက်တမ်းကို ဘယ်လိုဆုံးဖြတ်သလဲဆိုတာကို နားလည်လွယ်အောင် ရှင်းပြပေးသွားပါမယ်။

၁။ ဗီဇာသက်တမ်း ဆုံးဖြတ်ခြင်းရဲ့ အခြေခံမူ
လဝက အနေနဲ့ ဗီဇာသက်တမ်းပေးတဲ့အခါ "တည်ငြိမ်မှု နဲ့ "အလုပ်ဆက်လက်လုပ်ကိုင်နိုင်မှု ကို အဓိကကြည့်ပါတယ်။
"ဒီလူဟာ ဂျပန်မှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နေပြီး ဥပဒေတွေကိုလည်း သေချာလိုက်နာတဲ့အတွက် ခဏခဏ စစ်ဆေးနေဖို့ မလိုဘူး" လို့ ဆုံးဖြတ်ရင် ၃ နှစ် (သို့မဟုတ်) ၅ နှစ် သက်တမ်းကို ပေးလေ့ရှိပါတယ်။ အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ ထင်ရင်တော့ ၁ နှစ် သက်တမ်းသာ ရရှိမှာ ဖြစ်ပါတယ်။

၂။ "၅ နှစ်" သက်တမ်း ရရှိဖို့အတွက် လိုအပ်ချက်များ
အရှည်ဆုံးဖြစ်တဲ့ "၅ နှစ်" သက်တမ်း ရရှိဖို့ဆိုရင် အောက်ပါအချက်တွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။

တာဝန်ကျေပွန်ခြင်း: နေရပ်လိပ်စာ တိုင်ကြားခြင်းနဲ့ အလုပ်ပြောင်းတဲ့အခါ သတ်မှတ်ရက်အတွင်း လဝကကို အကြောင်းကြားခြင်း စတဲ့ အခြေခံစည်းကမ်းတွေကို တိတိကျကျ လိုက်နာရပါမယ်။

ကလေးပညာရေး: အကယ်၍ သင့်မှာ ကျောင်းနေအရွယ် ကလေးရှိရင် အဲဒီကလေးဟာ ကျောင်း (International school အပါအဝင်) ပုံမှန်တက်နေဖို့လည်း လိုအပ်ပါတယ်။

ကုမ္ပဏီအမျိုးအစား (Category): သင်အလုပ်လုပ်နေတဲ့ ကုမ္ပဏီဟာ Category 1 ဒါမှမဟုတ် 2 (ဥပမာ- ကုမ္ပဏီကြီးများ၊ အစုရှယ်ယာတင်ထားသော ကုမ္ပဏီများ သို့မဟုတ် တစ်နှစ်အတွင်း အခွန်ပေးဆောင်မှု ပမာဏ များပြားသော ကုမ္ပဏီများ) ဖြစ်ရင် ၅ နှစ်သက်တမ်း ရဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။

ဂျပန်မှာ အလုပ်လုပ်ခဲ့တဲ့ သက်တမ်း: လက်ရှိ "技人国" ဗီဇာနဲ့ ဂျပန်မှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်ခဲ့တာ ၅ နှစ်ထက်မနည်း ရှိရပါမယ်။

အလုပ်စာချုပ်သက်တမ်း: ကုမ္ပဏီနဲ့ချုပ်ထားတဲ့ အလုပ်စာချုပ်ဟာ ၃ နှစ်ထက် ပိုရပါမယ်။

သတိပြုရန်: အထက်ပါအချက်တွေ ပြည့်စုံနေပေမယ့်လည်း အခွန် (住民税)၊ အာမခံ (保険) နဲ့ ပင်စင် (年金) တွေကို ကြွေးကျန်ထားတာရှိရင် သို့မဟုတ် ယာဉ်စည်းကမ်းဖောက်ဖျက်မှုလိုမျိုး ပြစ်မှုတွေရှိရင်တော့ ၅ နှစ်သက်တမ်း ရမှာမဟုတ်ပါဘူး။

၃။ "၃ နှစ်" သို့မဟုတ် "၁ နှစ်" သက်တမ်း ဖြစ်သွားနိုင်တဲ့ အခြေအနေများ
၃ နှစ်သက်တမ်း: ပုံမှန်ကုမ္ပဏီကောင်းတွေမှာ အလုပ်လုပ်ပြီး စည်းကမ်းလိုက်နာသူတွေ အများဆုံး ရရှိလေ့ရှိပါတယ်။

၁ နှစ်သက်တမ်း: ကုမ္ပဏီအသစ်တွေမှာ အလုပ်လုပ်နေသူများ (Category 3, 4)၊ ကိုယ်ပိုင်လုပ်ငန်းရှင်အောက်မှာ လုပ်ကိုင်သူများ သို့မဟုတ် ပထမဆုံးအကြိမ် ဗီဇာပြောင်းလဲထားသူများ (စမ်းသပ်ကာလအဖြစ် ပေးလေ့ရှိသည်)။

၄။ ထပ်ဆောင်း သိထားသင့်တဲ့ အချက်များ
လတ်တလောမှာ လဝက အနေနဲ့ "အခွန်နဲ့ ပင်စင်ပေးဆောင်မှု" ကို အရမ်းတင်းကျပ်စွာ စစ်ဆေးနေပါတယ်။
အထူးသဖြင့် နေထိုင်ခွန် (住民税) နဲ့ ပင်စင် (年金) မပေးဆောင်ထားရင် ဗီဇာသက်တမ်း တိုသွားနိုင်ရုံတင်မကဘဲ ဗီဇာသက်တမ်းတိုး မပေးတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ အကယ်၍ မပေးရသေးတာရှိရင် မလျှောက်ခင်မှာ အပြတ်ပေးဆောင်ထားပြီး ပြေစာ ကို သိမ်းထားဖို့ တိုက်တွန်းလိုပါတယ်။

၅။ နိဂုံး- ဂျပန်မှာ ရေရှည်နေထိုင်နိုင်ဖို့
ဗီဇာသက်တမ်း အရှည်ကြီးရတာဟာ ခဏခဏ သက်တမ်းတိုးရတဲ့ ဒုက္ခကနေ ကင်းဝေးစေရုံတင်မကဘဲ နောင်တစ်ချိန်မှာ ဗီဇာအသေ (永住権) လျှောက်ထားတဲ့အခါမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ PR လျှောက်ဖို့အတွက် အနည်းဆုံး ၃ နှစ်သက်တမ်း ဗီဇာရှိနေဖို့ လိုအပ်လို့ပါ။

"ကိုယ့်အခြေအနေနဲ့ဆိုရင် ဘယ်နှစ်နှစ်သက်တမ်း ရနိုင်မလဲ?"၊ "၅ နှစ် ရဖို့အတွက် ဘာတွေပြင်ဆင်ရမလဲ?" ဆိုတာတွေကို စိတ်ပူနေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရှေ့နေ (行政書士) နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

ဝန်ဆောင်မှုများ

-သိထားသင့်သည်များ